International News

ဗြိတိန်နိုင်ငံက ဝိုင်တင်သွင်းမှုဆိုင်ရာ လုပ်ထုံးလုပ်နည်း ဖြေလျှော့လိုက်ခြင်း

Last Updated:

ဗြိတိန်နိုင်ငံသည် ဝိုင်တင်ပို့မှုအားလုံးအတွက် ၁-၁-၂၀၂၂ ရက်နေ့မှစတင်ကာ VI-1 certification လိုအပ်ချက်ကို ဖယ်ရှားလိုက်ပြီဖြစ်ပါသည်။ ဗြိတိန်နိုင်ငံ၊ သဘာဝ ပတ်ဝန်းကျင်၊ အစားအသောက်နှင့် ကျေးလက်ရေးရာဝန်ကြီးဌာနက ဝိုင်တင်ပို့မှုအားလုံးအတွက် ပူးတွဲတင်ပြရမည့် VI-1 certification လိုအပ်ချက်ကို ဖယ်ရှားမည် ဖြစ်ကြောင်း ၂၅-၇-၂၀၂၁ ရက်နေ့က ကြေညာခဲ့သော်လည်း မည်သည့်နေ့ရက်တွင် စတင်သက်ဝင်မည်ဆိုသည်ကို ထည့်သွင်းကြေညာခြင်းမပြုခဲ့ကြောင်း သိရှိရပါ သည်။

ယခုကြေညာချက်မှာ ဗြိတိန်၊ အီးယူမှ ထွက်ခွာပြီးနောက် ထုတ်ပြန်သည့်ကြေညာချက်ဖြစ်ပြီး၊ ဝိုင်တင်သွင်းမှု လုပ်ထုံးလုပ်နည်းကို လွယ်ကူရိုးရှင်းစေခြင်းဖြင့် ဗြိတိန် နိုင်ငံသို့ ဝိုင်တင်ပို့မှုများကို ပိုမိုလွယ်ကူစေတော့မည် ဖြစ်ပါသည်။ သို့သော်လည်း အီးယူနိုင်ငံများသို့ တင်ပို့မည့် ဝိုင်အားလုံးအတွက်မူ အဆိုပါ ထောက်ခံချက်လိုအပ်နေ သေးကြောင်းနှင့် ဗြိတိန်မှတစ်ဆင့် အီးယူသို့ ပြန်လည်တင်ပို့မည့် ဝိုင်များအတွက်လည်း ထောက်ခံချက်လိုအပ်နေသေးကြောင်း သိရှိရပါသည်။ VI-1 certification အရ တင်သွင်းမည့်ဝိုင်များသည် အီးယူ၏ စည်းမျဉ်းများနှင့် ကိုက်ညီကြောင်း သေချာမှုရှိစေပြီး၊ ဝိုင်များတင်ပို့ခြင်းမပြုမီ ဓါတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးရန် လိုအပ်ခြင်း ဖြစ်ပါသည်။

VI-1 certification လိုအပ်ချက် ပယ်ဖျက်လိုက်ခြင်းဖြင့် ဝိုင်တင်ပို့သူများအတွက် ကုန်သွယ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို လွယ်ကူရိုးရှင်းစေပြီး၊ ကုန်ကျစရိတ်များ ကိုလည်း လျှော့ချနိုင်မည်ဖြစ်ပါသည်။ တင်ပို့သူများသည် တစ်နှစ်လျှင် ခန့်မှန်းခြေ VI-1 လက်မှတ် 16,000 နှင့် ဓာတ်ခွဲခန်း စိစစ်မှုများကို ရယူရန် မလိုအပ်တော့ပါ။

ဗြိတိန်ဈေးကွက်မှာ ဩစတြေးလျ ဝိုင်လုပ်ငန်းကဏ္ဍအတွက် အရေးပါသော ဈေးကွက်ဖြစ်ပြီး၊ ဩစတြေးလျဝိုင်တင်ပို့မှု စုစုပေါင်း၏ ၂၅ % ကို ဗြိတိန်ဈေးကွက်က ရယူ ထားပါသည်။ ၂၀၂၀ ပြည့်နှစ်တွင် ဩစတြေးလျနိုင်ငံသည် ဗြိတိန်နိုင်ငံ၏ တတိယအများဆုံးတင်သွင်းသူဖြစ်ပြီး၊ ပြင်သစ်နိုင်ငံက အများဆုံးတင်သွင်းသူဖြစ်ကာ အီတလီနိုင်ငံက ဒုတိယအများဆုံး တင်သွင်းသူဖြစ်ကြောင်း သိရှိရပါသည်။

ကိုဗစ်-၁၉ဆိုင်ရာ ပိတ်ဆို့ကန့်သတ်မှုအစီအမံများကြောင့် ၂၀၂၀ ပြည့်နှစ်တွင် စားသောက်ဆိုင်များ၏ ထောက်ပံ့မှုကို လျော့ကျစေခဲ့ပါသည်။ သို့သော်လည်း ဗြိတိန် ဝိုင်တင်သွင်းမှု စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၄.၄ ဘီလီယံ၌ တည်ငြိမ်နေခဲ့ပါသည်။ ဗြိတိန်အစိုးရသည် ဧည့်ဝတ်ပြုမှုကဏ္ဍကို ပြန်လည်ဖွင့်လှစ်ရန် ကြိုးပမ်းလျက် ရှိပြီး၊ အောင်မြင်ပါက ၂၀၂၁ ခုနှစ် ဒုတိယနှစ်ဝက်တွင် ဝိုင်တင်သွင်းမှုအတွက် ၀ယ်လိုအားကို လှုံ့ဆော်ပေးမည်နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

Source: www.trademinister.gov.au

Category: International News